မျက်နှာကြီးရာ ဟင်းဖတ်ပါ

 






တစ်ခါတုန်းက ရွာတစ်ရွာမှာ ကိုဒီးဆိုတဲ့ လူတစ်‌ယောက်ရှိတယ်။ တစ်နေ့မှာ ကိုဒီးဟာ ခရီးသွားရင်း မျက်စိလည် လမ်းမှားပြီး လမ်းစရိတ်တွေပြတ်ကာ အစာရေစာကလည်း မစားရနဲ့ အ၀တ်အစားတွေကလည်း စုတ်ပြတ်ညစ်ပေနေတာပေါ့။ ဒီလိုနဲ့ "ငါ့၀မ်းပူဆာမနေသာ" ဆိုသလို ဗိုက်ဆာဆာနဲ့ နီးစပ်ရာ ရွာလေးတွေဆီ တစ်အိမ်၀င်တစ်အိမ်ထွက် စားစရာလိုက်တောင်းတော့တယ်။

"ကျွန်တော့်ကို စားစရာလေးနည်းနည်းလောက် ကျွေးပါခင်ဗျာ ကျွန်တော်ခရီးသွားရင်း လမ်းစရိတ်ပြတ်လာလို့ပါ" လူတွေက သူ့ရဲ့ ဟောင်းနွမ်းစုတ်ပြဲနေတဲ့ အ၀တ်အစားတွေကို ကြည့်ပြီး ဒီလူအရူးပဲလို့ ထင်ခဲ့ကြတော့တယ်။ တစ်အိမ်ကဆို သူ့ကို "ဝေးဝေးသွားစမ်း"လို့ အော်ဟစ်ပြီး မောင်းနှင်ထုတ်ခဲ့တယ်။ ဒါကြောင့် တစ်နေ့လုံး ကိုဒီးတစ်ယောက် ဘာကိုမှ မစားရဘူး။

နောက်တစ်နေ့ရောက်တော့ သူဌေးတစ်ယောက်က လမ်းမှာလျှောက်သွားနေတဲ့ ကိုဒီးကို အင်မတန်မှ တန်ဖိုးရှိတဲ့ အ၀တ်အစားတစ်စုံကို ပေးကမ်းလိုက်တယ်။ တန်ဖိုးကြီးအ၀တ်သစ်တွေကို၀တ်ပြီး အရင်နေ့လိုဘဲ ကိုဒီး စားစရာ ရလို့ရငြား လိုက်တောင်းခဲ့ပြန်တယ်။ မနေ့က သူ့ကို အော်ခဲ့တဲ့ အိမ်ရောက်တော့ ကိုဒီးလည်း "ဒီနေ့ထပ်တောင်းကြည့်ဦးမှ" လို့ စိတ်ကူးရပြီး-

"ကျွန်တော့်ကို စားစရာလေး နည်းနည်းလောက်.. ..."ကိုဒီးပြောစကားမဆုံးခင်မှာပဲ အိမ်ရှင်က သူ့ရဲ့၀တ်စားထားပုံကို ကြည့်ပြီး "ကြွပါခင်ဗျာ ဘယ့်နှယ့် တံခါးအ၀မှာ ရပ်နေရပါလိမ့်..အိမ်ထဲမှာ ၀င်ပါခင်ဗျာ" လို့ တရိုတသေ ပြောပြီး စားစရာတွေနဲ့ တည်ခင်းဧည့်ခံပါတော့တယ်။

စားပွဲပေါ်မှာ စွပ်ပြုတ်မျိုးစုံ၊ အချိုပွဲတွေ၊ ထမင်းဟင်းတွေအပြည့်...ကိုဒီးလည်း အရင်ဆုံး ဆုတောင်းမေတ္တာပို့သလိုက်ပြီး မုန့်တစ်ခုကို လက်နဲ့လှမ်းယူပြီး သူ့အ၀တ်အစားတွေကို ကျွေးခဲ့တယ်။

"စား........စား......စား"

အိမ်ရှင်က ကိုဒီးရဲ့ အပြုအမူကိုမြင်တော့..

"မဟုတ်တာဗျာ အ၀တ်အစားက ဘယ်စားပါ့မလဲ၊ ဘာကြောင့်ကျွေးရတာလဲဗျာ" လို့ မေးတဲ့အခါ ကိုဒီးက မျက်ရည်တွေကျပြီး ပြန်ဖြေခဲ့တယ်။

"ဒီအ၀တ်အစား သစ်သစ်လွင်လွင်နဲ့ တန်ဖိုးရှိလွန်းတာကြောင့် ကျွန်တော်ဒီနေ့ စားစရာ ရခဲ့တာပါ..မနေ့က ကျွန်တော်ဒီအိမ်ကို အစာနည်းနည်းလောက် လာတောင်းတုန်းက ခွေးမောင်းသလို မောင်းထုတ်ခံခဲ့ရတယ်...ဒါကြောင့် ဒီအ၀တ်အစားတွေကို ကျွန်တော်ကျေးဇူးတင်လွန်းလို့ သူနဲ့ထိုက်တန်တဲ့ အစာတွေကို ကျွေးနေတာပါဗျာ"တဲ့

သင်ခန်းစာကတော့

💐💐💐💐💐

လူအများစုဟာ သူတစ်ပါးရဲ့ အပေါ်ယံအပြင်အဆင်ကိုကြည့်ပြီး အဆင့်အတန်း ခွဲခြားတတ်တယ်

"မျက်နှာကြီးရာဟင်းဖတ်ပါ" ဆိုတာကို ဒီစာစုလေးနဲ့ မျှဝေပေးလိုက်ပါတယ်။ 

Share: