စာဖတ်တယ်ဆိုတာ

 








တစ်နေ့မှာ မြေးအဘိုးနှစ်ယောက် မြစ်ကမ်းဘေးမှာထိုင်ပြီး စကားပြောနေကြတယ်။

မြေးဖြစ်သူက အဘိုးကိုမေးတယ်...

"ဘိုးဘိုး... ဘိုးဘိုး နေ့တိုင်းစာဖတ်တာ.. ဘယ်လောက်မှတ်မိသလဲ..။ မေ့သွားမယ့်တူတူ ဘာလို့ စာဖတ်ရတာလဲ"

အဘိုးက မြေးကိုပြုံးပြပြီးပြောတယ်။

"ဟိုးနားက မီးသွေးထည့်တဲ့ ခြင်းကြားသွားယူခဲ့ ငါ့မြေး"

မြေးက နားမလည်စွာနဲ့ ညစ်ပတ်မည်းညစ်နေတဲ့ ခြင်းကြားကိုသွားယူခဲ့တယ်။

"ကဲ.. အဲဒီခြင်းကြားနဲ့ မြစ်ထဲကရေကို ခပ်ခဲ့" လို့ အဘိုးပြောတော့ မြေးက ပိုဇဝေဇဝါဖြစ်သွားပေမယ့် အဘိုးပြောသလို ခြင်းကြားနဲ့ ရေသွားခပ်ပါတယ်။

ခြင်းက ရေထည့်မရဘူးဆိုတာ ကြည့်တာနဲ့သိသာနေပါတယ်။ မြေးက ခြင်းကို ရေထဲနစ်လိုက်တယ်... မ, လိုက်တယ်.. ရေတစ်စက်မှ ပါမလာခဲ့ဘူး။ အဘိုးသူ့ကို ဘာလုပ်ခိုင်းမှန်း သူနားမလည်ဖြစ်ရတယ်။

အဘိုးက ထပ်စမ်းပါဦးလို့ပြောလို့ သူလည်း ထပ်တလဲလဲ ခြင်းနဲ့ရေခပ်ကြည့်နေလိုက်တယ်။ ဒါပေမယ့် ရေတစ်စက်မှ မရခဲ့ဘူး။

အဲဒီအချိန်ကျမှ အဘိုးက "အဲဒီခြင်းကို ကြည့်ကြည့် ငါ့မြေး.. နဂိုကခြင်းနဲ့ တူရဲ့လား" လို့မေးတယ်။

နဂိုက ညစ်ပတ်နေတဲ့ခြင်းဟာ ရေကြည်ရဲ့ဆေးကြောမှုကြောင့် သန့်ရှင်းနေတာကို မြေးဖြစ်သူက တွေ့လိုက်တယ်။

အဘိုးက ဆက်ပြောပါတယ်...

"စာဖတ်တယ်ဆိုတာ ခြင်းကြားနဲ့ ရေခပ်နေသလိုပါပဲ။ ရေတွေက ခြင်းအကြားထဲ စီးဆင်းသွားပြီး အပြင်ပန်းကြည့်ရတာ ဘာမှမရလိုက်ဘူးဆိုပေမယ့် မသိမသာနဲ့ ခြင်းကို သူဆေးကြောပေးသွားပါတယ်။ စာဖတ်တယ်ဆိုတာလည်း ဒီခြင်းကြားလိုပဲ လူတွေရဲ့စိတ်ဝိညာဉ်ကို သန့်ရှင်းကြည်လင်အောင် ဆေးကြောပေးတာနဲ့ အတူတူပါပဲ။"

ဒါဟာ စာဖတ်ခြင်းရဲ့ အကျိုးရလဒ်ဖြစ်တယ်။ စာအုပ်တစ်အုပ်ဖတ်ပြီးပြီးချင်း အသိဉာဏ်ပညာတွေရလိုက်တယ်၊ စိတ်ဓာတ်တွေ တိုးမြင့်လာတယ်ဆိုတာမျိုးက မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် စာအုပ်တစ်အုပ်ဖတ်ပြီးတိုင်း မသိစိတ်ထဲကနေ အသိတစ်ခုခုတော့ ရလိုက်တတ်တယ်။ အဲဒီအသိစိတ်က ကိုယ့်ကိုမသိမသာပြောင်းလဲနေစေပါတယ်။


တရုတ်စာရေးဆရာတစ်ဦးက ပြောတယ်..

"စာအုပ်ပေကောင်းတွေ ကျွန်တော်တစ်ခါဖတ်တိုင်း သူတို့က ကျွန်တော့်ကို ဆွဲခေါ်သွားတတ်တယ်။ ကျွန်တော်ပြန်ရောက်လာတဲ့အခါ ကျွန်တော်နဲ့အတူ သူတို့အမြဲရှိနေတော့တယ်"

စာတစ်အုပ်ဖတ်ပြီးတိုင်း စိတ်ဝိညာဉ်ကို တစ်ခါဆေးကြောတတ်တယ်။ ဖတ်ပြီးသမျှစာတွေ မေ့ကုန်တယ်လို့ ကျွန်မတို့ထင်တတ်ကြတယ်။ တကယ်တော့ သူဟာ ကျွန်မတို့ရဲ့အသိဉာဏ်ထဲမှာ ကိန်းအောင်းနေပြီး ဘဝကိုပြုပြင်ပြောင်းလဲနေစေခဲ့ပါတယ်။


နိုင်းနိုင်းစနေ

Share: