ဟိုးရှေးရှေးတုန်းကပေါ့ကွာ ပင်လယ်ပြင်ကျယ်ကြီးထဲမှာ ကျွန်းကြီးတစ်ကျွန်းရှိတယ်တဲ့။ အဲဒီကျွန်းပေါ်မှာ ချစ်ခြင်းမေတ္တာအပါအဝင် ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း၊ အသိပညာနဲ့ အခြားခံစားချက်တွေနေထိုင်ကြသတဲ့။
တစ်နေ့မှာတော့ သူတို့ဆီကို ကြေငြာချက်တစ်ခုရောက်လာခဲ့တယ်။ အဲဒါကတော့ သူတို့နေထိုင်ရာကျွန်းကြီးဟာ မကြာခင်အချိန်မှာပဲ ပင်လယ်ပြင်အောက်ကို နစ်မြုပ်တော့မှာဖြစ်ကြောင်း၊ ဒီကျွန်းကြီးကနေ အမြန်ဆုံးထွက်ခွာဖို့ပြင်ဆင်ကြဖို့ပါပဲ။
အဲဒါကြောင့် သူတို့ဟာ ကျွန်းပေါ်ကနေထွက်ခွာဖို့အတွက် လှေဆောက်ကြတာပေါ့။အသီးသီးထွက်ခွာဖို့ လှေဆောက်နေကြပေမယ့် ချစ်ခြင်းမေတ္တာကတော့ လှေဆောက်တဲ့အထဲမှာ မပါခဲ့ဘူးတဲ့။
ချစ်ခြင်းမေတ္တာဟာ နောက်ဆုံးအခြေအနေတစ်ခုအထိ ကျွန်းကနေထွက်ခွာမသွားချင်တဲ့ တစ်ဦးတည်းသောသူဖြစ်တယ်။ဒါပေမယ့် ကံအကြောင်းမလှစွာပဲ ကျွန်းကြီးနစ်မြုပ်တော့မယ့်အချိန်ကိုရောက်လာတာပေါ့။
ရေတွေတဖြည်းဖြည်းတက်လာလိုက်တာ ကျွန်းကြီးတစ်ခုလုံးနစ်မြုပ်တော့မယ့်အချိန်ရောက်လာတဲ့အခါ ချစ်ခြင်းမေတ္တာဟာလည်း သူများနည်းတူ ကျွန်းကြီးကို စွန့်ခွာသွားဖို့ ဆုံးဖြတ်ရတော့တာပေါ့။ ဒါပေမယ့်သူဟာ လှေမဆောက်ရသေးတဲ့အတွက် အခြားသူတွေကို သူ့ကိုတင်ခေါ်သွားဖို့ အကူအညီတောင်းရတော့တယ်။
ချမ်းသာခြင်းရဲ့ ကြီးမားလှတဲ့လှေကြီးဟာ သူ့အနားကနေဖြတ်သန်းသွားတာကို တွေ့လိုက်ရတဲ့အခါ၊ ချစ်ခြင်းမေတ္တာက “ချမ်းသာခြင်းရေ၊ မင်းရဲ့လှေကြီးနဲ့ ငါ့ကို တင်ခေါ်သွားနိုင်မလား၊ ငါလဲလိုက်ပါရစေ”လို့ ခွင့်တောင်းတာပေါ့။ “မရဘူး၊ ငါ့လှေပေါ်မှာ ရွှေတွေ၊ ငွေတွေ၊ ကျောက်သံပတ္တမြားတွေအပြည့်ပဲ။ ဒီမှာမင်းအတွက်နေရာမရှိဘူး” လို့ ငြင်းဆန်ခဲ့တယ်။ချစ်ခြင်းမေတ္တာဟာ မြုပ်လုလုကျွန်းပေါ်မှာ ကျန်နေခဲ့ရတာပေါ့။
အဲဒီအချိန်မှာပဲ ခမ်းနားလှတဲ့လှေတစ်စင်းသူ့အနားကနေဖြတ်သွားတာကို တွေ့လိုက်ရတယ်။ လှေပေါ်ကိုကြည့်လိုက်တဲ့အခါ မောက်မာခြင်းကို သူတွေ့လိုက်ရတယ်။ “မောက်မာခြင်းရေ၊ ငါ့ကိုကယ်ပါဦးကွာ” လို့ ချစ်ခြင်းမေတ္တာက လှမ်းအော်လိုက်သတဲ့။ “မင်းကို ငါမကယ်နိုင်ဘူး ချစ်ခြင်း၊ မင်းတစ်ကိုယ်လုံးလည်း ရွံ့တွေ၊ ရေတွေနဲ့ စိုရွှဲနေတာပဲ၊ မင်းကြောင့် ငါ့လှေကြီး ပျက်စီးသွားနိုင်တယ်၊ မင်းကိုငါ ခေါ်မသွားနိုင်ဘူး” လို့ ပြန်ပြောခဲ့တယ်။ချစ်ခြင်းမေတ္တာဟာ တစ်ကိုယ်တည်းကျန်ခဲ့ရတာပေါ့။
ဝမ်းနည်းခြင်းပိုင်တဲ့ လှေကြီး သူ့အနားကိုရောက်လာတဲ့အခါ ချစ်ခြင်းမေတ္တာက “ဝမ်းနည်းခြင်းရေ ငါ့ကို မင်းနဲ့အတူ လိုက်ခွင့်ပြုပါ” လို့ လှမ်းအော်လိုက်တယ်။ “ဟာ.. အချစ်ရေ၊ အခုငါ အရမ်းဝမ်းနည်းနေတယ်ကွာ၊ ငါတစ်ယောက်တည်းနေပါရစေ” လို့ပြောပြီး ထွက်ခွာသွားပြန်တယ်။
ပျော်ရွှင်ခြင်းကလည်း ချစ်ခြင်းမေတ္တာကို ချန်ထားခဲ့ပြန်တယ်တဲ့။ ဘာကြောင့်လဲဆိုတော့ သူဟာ အရမ်းပျော်ရွှင်နေတဲ့အတွက် ချစ်ခြင်းမေတ္တာရဲ့လှမ်းအော်သံကိုတောင် မကြားနိုင်တော့လို့ပါဘဲ။
အဲဒီအချိန်မှာပဲ “ငါ့ဆီလာခဲ့ချစ်ခြင်းရေ၊ ငါမင်းကိုခေါ်သွားမယ်” ဆိုတဲ့အသံကို ကြားလိုက်ရသတဲ့။ အဲဒါဟာ လှေတစ်စင်းရဲ့ ခေါင်းဆောင်တစ်ယောက်ဆီကလာတဲ့အသံဖြစ်တယ်။
ချစ်ခြင်းမေတ္တာဟာ အရမ်းဝမ်းသာပျော်ရွှင်သွားပြီး အဲဒီခေါင်းဆောင်ကို သူ့တို့ ဘယ်ကိုသွားနေကြသလဲဆိုတာတောင် မေးဖို့ မေ့လျော့သွားတယ်။
အဲဒီခေါင်းဆောင်ရဲ့ ဦးဆောင်ရာကို လိုက်သွားခဲ့ပြီး နောက်ဆုံးမှာတော့ ကုန်းမြေတစ်ခုကိုရောက်သွားခဲ့တယ်။
ချစ်ခြင်းမေတ္တာဟာ ဒီခေါင်းဆောင်အပေါ် သူအကြွေးတင်သွားခဲ့ပြီဆိုတာနားလည်ခဲ့တယ်။အဲဒါကြောင့် အခြားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗဟုသုတကို “ကျွန်တော့်ကို ကူညီခဲ့တဲ့ခေါင်းဆောင်က ဘယ်သူလဲ” လို့ မေးလိုက်တယ်။ “အဲဒါအချိန်ပဲ” လို့ ဗဟုသုတက တိုတိုရှင်းရှင်းဖြေလိုက်တယ်။ “အချိန်လား...၊ အချိန်က ကျွန်တော့်ကို ဘာလို့ကူညီရတာလဲ” ချစ်ခြင်းမေတ္တာက ထပ်မေးလိုက်တယ်။
ဗဟုသုတက နက်နက်ရှိုင်းရှိုင်းပြုံးရင်း “မင်း(ချစ်ခြင်းမေတ္တာ)ဟာ ဘယ်လောက်တန်ဖိုးရှိသလဲဆိုတာ သူ(အချိန်)တစ်ယောက်တည်းကပဲ နားလည်နိုင်စွမ်းရှိလို့ပေါ့”...
ပုံပြင်လေးက ဒီနေရာလေးမှာပဲ အဆုံးသတ်သွားခဲ့ပါတယ်။
ဒီပုံပြင်ထဲကလိုပဲ ကျွန်တော်တို့ရဲ့ လက်တွေ့ဘဝမှာပဲ လူအချို့က ချမ်းသာခြင်းတွေကြောင့် ချစ်ခြင်းမေတ္တာကို မလိုအပ်သလိုသဘောထားလာကြတယ်၊ အချို့က မောက်မာခြင်းတွေကြောင့် ချစ်ခြင်းမေတ္တာကို တန်ဖိုးမထားကြတော့ဘူး။
ဝမ်းနည်းခြင်းတွေကြောင့် ချစ်ခြင်းမေတ္တာကိုစွန့်ပစ်ပြီး တစ်ကိုယ်တည်းနေကြတဲ့သူတွေရှိသလို ပျော်ရွှင်ခြင်းတွေအပြည့်နဲ့မို့ ချစ်ခြင်းမေတ္တာကို လစ်လျူရှု့တတ်လာကြပါတယ်။တစ်ကယ်တော့ ကျွန်တော့်တို့ ဖြတ်သန်းကြရတဲ့ ဘဝခရီးလမ်းက တကယ်ကိုကြမ်းတမ်းပါတယ်။
ဆူကြုံနိမ့်မြင့် ရွေ့လျားလှုပ်ရှားနေတဲ့ ဘဝလှိုင်းထမ်းပိုးတွေရဲ့ ဒါဏ်ကို ချစ်ခြင်းမေတ္တာမပါဘဲ ဖြတ်သန်းဖို့ ဆိုတာ မှားယွင်းတဲ့ ရွေးချယ်မှုပါပဲ။
အဲဒီလိုပဲ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာဆိုတာဟာလဲ အချိန်ရဲ့ တိုက်စားခြင်းကြောင့် ပိုပြီးအရောင်လက်လာရပါတယ်။ ချစ်ခြင်းမေတ္တာ မပါဘဲ တစ်ကိုယ်တည်း မဖြတ်သန်းလိုက်ပါနဲ့ မိတ်ဆွေ။
(Love and The Time Story ကို သင့်လျော်အောင် ဘာသာပြန်တင်ဆက်လိုက်ပါသည်။ အမှားအယွင်းများပါရှိပါက သည်းခံခွင့်လွှတ်ပေးကြပါခင်ဗျ)