အစွဲ တွေကိုချွတ်ပါ

 







တစ်ခါက စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်ဟာ လမ်းဘေးမှာ ခဲတံ လေးတွေရောင်းပြီး ငွေတောင်းနေတဲ့ လူတစ်ယောက်ရဲ့ ခွက်ထဲကို တစ်ဒေါ်လာထည့်လိုက် ပါတယ်။ ပြီးတော့သုတ်သီးသုတ်ပျာနဲ့ရထားပေါ် ကို ပြေးတက် သွားပါတယ်။

နောက်မှသတိရပြီးရထားပေါ်က ပြန်ဆင်းလာကာ စောစောက သူငွေထည့်ပေးခဲ့တဲ့ သူဆီပြန်သွားပြီး ခွက်ထဲက ခဲတံ တစ်ချောင်း ကို နှိုက်ယူလိုက်ပါတယ်။ ပြီးတော့…သူကအလောတကြီး ဖြစ်နေလို့ ငွေထည့်ပြီး ခဲတံ ယူဖို့ မေ့သွားတယ်လို့ ပြုံးပြပြီးပြောပါတယ်။

နောက်ပြီး သူက ငွေတောင်းနေသူကို ပြောတယ်။

“ခင်ဗျားလည်း ကျွန်တော့်လို စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်ပဲလေ။ ခင်ဗျားမှာ ရောင်းစရာတွေရှိနေပြီး ဒါတွေကို သင့်တင့်မျှတတဲ့ ဈေးနှုန်းသတ်မှတ်ထားတာပဲ မဟုတ်လား။ ကြိုးစားပါ။”လို့ ပြောပြီး ရထားပေါ် တက် သွားခဲ့ပါတယ်။

နောင်နှစ်ပေါင်းများစွာကြာတဲ့အခါလူမှုရေးပွဲလမ်းသဘင် တစ်ခုမှာ သားသားနားနား၀တ်စားထားတဲ့ သူ တစ်ယောက် က စီးပွားရေး လုပ်ငန်းရှင် ကြီးထံလာပြီး သူ့ကိုယ်သူ မိတ်ဆက်ပါတယ်။

“ခင်ဗျားကတော့ ကျွန်တော့်ကို မှတ်မိမှာ မဟုတ်ပေမယ့် ခင်ဗျားကိုကျွန်တော် ဘယ်တော့မှမေ့မှာ မဟုတ်ပါဘူး။ ခင်ဗျားနဲ့မတွေ့မီအချိန်အထိတော့ကျွန်တော်ဟာ ခဲတံ လေးတွေရောင်းတဲ့သူတောင်းစားတစ်ယောက်ပါပဲ။ ဒါပေမယ့်ခင်ဗျားက ကျွန်တော့်ကို စီးပွားရေး လုပ်ငန်းရှင် ပဲ လို့ ပြောသွားခဲ့တဲ့အချိန်က စပြီး၊ ကျွန်တော် ဟာ စီးပွားရေးလုပ်ငန်းရှင် ဖြစ်သွားတယ်” လို့ ပြောခဲ့ပါတယ်။

သူဟာ သူ့ကိုယ်သူ သူတောင်းစား ပဲ လို့ တွေးတော ထားတဲ့အမြင် ကနေ ရုတ်တရက် စကားတစ်ခွန်းကြောင့် သူ့အတွေးတွေ ပြောင်းသွားတယ်။

သူ့ကိုယ်သူအဲ့ဒီအချိန်ကစပြီး…

သူဟာ စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်ပဲလို့ တွေးတောခဲ့တယ်။ စီးပွားရေး လုပ်ငန်းရှင် တစ်ယောက် လို စတင်ကျင့်သုံး ပြုမူခဲ့တယ်။ သူအတွေးတွေဟာ သူ့ဘ၀ရဲ့ ပဲ့တင်သံတွေပါပဲ။

မိမိအတွေး ပုံရိပ်ထဲမှာ…

“ငါဟာ သူတောင်းစား ပဲ”လို့ တွေးပါများရင်… “ငါဟာ သူတောင်းစား ပဲ” ဆိုတဲ့အသံသာအထပ်ထပ် ပြန်ကြားနေရမှာပါ။

“ငါဟာ လုပ်ငန်းရှင် ပဲ” လို့ တွေးလိုက်တာနဲ့

“ငါဟာ လုပ်ငန်းရှင် ပဲ” ဆိုတဲ့အတွေး ပဲ့တင်သံပြန်လာမှာ အသေအချာပါပဲ။

နောက်ပြီး ဒီပုံပြင်လေးထဲက စီးပွားရေး လုပ်ငန်းရှင် ကြီး လို သင်လည်း သူတစ်ပါးကို အကောင်းမြင်ပြီး စိတ်ခွန်အား ဖြစ်စေမယ့်စကားလုံးတွေနဲ့ကူညီနိုင် ပါတယ်။

လူတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ပါရမီတွေ၊ အစွမ်းအစတွေ ရှိနေကြပါတယ်။ ဒါတွေကိုသင်က နှိုးဆွပေးလိုက်ရုံနဲ့ သူ့ကိုယ်ထဲက အစွမ်းအစတွေဟာ အငြိမ်မနေနိုင်ပဲ စွမ်းအားတွေ အဖြစ်ထွက်ပေါ်ကာ သူ့ဘ၀တစ်ခုလုံးကို ပြောင်းလဲသွားစေနိုင်ပါသေးတယ်။ ဒီလိုနည်းနဲ့ သင်က လူတွေရဲ့ဘဝတွေကိုတိုးတက်အောင်မြင်သွားအောင် စေတနာစိတ်ဓာတ်အပြည့်နဲ့ ကူညီပေးမယ်ဆိုရင် သင့်ကူညီမှုရဲ့ ပဲ့တင်သံတွေဟာ သင့်ထံ ပြန်လာမှာ

မလွဲမသွေပါပဲ။

တခြားသူတွေရဲ့ဘ၀ ကို မြှင့်တင်ပေးခြင်းအားဖြင့် သင်ကိုယ်တိုင်လည်း သေချာပေါက် တိုးတက် အောင်မြင် လာမှာဖြစ်တယ်…ဆိုတာ အာမခံပါတယ်။

သင်ပြုတဲ့ကံ၊ ပဲ့တင်သံ၊ သင့်ထံ ပြန်လာမှာပဲဖြစ်ပါတယ်။ 




Share: