ကြောက်စိတ်

တစ်ခါတုန်းက ကျေးရွာတစ်ရွာမှာ အလွန်ကြောက်တတ်တဲ့ ကောင်လေးတစ်ယောက်ရှိတယ်။ တနေ့ကျတော့ ရွာက ကိုယ်ခံပညာသင်ပေးတဲ့ သိုင်းဆရာကြီးဆီကိုသွားပြီး သူ့ကို သတ္တိရှိလာအောင် သင်ပေးဖို့ တောင်းတောင်းပန်ပန်နဲ့ ပြောဆိုရှာသတဲ့။

သိုင်းဆရာကြီးက "ငါမင်းကိုဒီအတိုင်းတော့ သင်မပေးနိုင်ဘူး

ငါ့ဆီရောက်လာတဲ့လူတိုင်းကို သူနဲ့သက်ဆိုင်ရာ စမ်းသပ်ချက် တစ်ခုစီ ပြုလုပ်ပြီးမှ သင်ပေးတာ" လို့ပြောတယ်

" မင်းက ကြောက်တတ်တဲ့လူဆိုတော့ တစ်လတိတိမြို့ပေါ်ကိုတက် ပြီးတော့ ကျွန်တော် ငကြောက်တစ်ယောက်ပါဆိုတဲ့ အကြောင်းကို တွေ့တဲ့လူတိုင်းကိုရဲ့ မျက်စိတည့်တည့်ကိုကြည့်ပြီး အော်ပြောရမယ်"

"ဒီစမ်းသပ်မှုလုပ်ဆောင်ပြီးတဲ့နေ့ ငါ့ဆီပြန်လာခဲ့" လို့ပြောပြီး သိုင်းဆရာကြီးဟာ လှည့်ထွက်သွားခဲ့တယ်။

ဒီစကားကြားတော့ ကောင်လေးဟာ တော်တော်ဝမ်းနည်းသွားတယ်။ကြောက်တတ်တဲ့ သူ့အတွက်တော့ ဒီစမ်းသပ်မှုဟာ တော်တော်ခဲယဉ်းနေတာကိုး။

ဒီလိုနဲ့ သူ့ကိုသူ စိတ်ပျက်လက်ပျက်နဲ့ နေရင်း ဟိုတွေး ဒီတွေး နေလာတာ ရက်အနည်းငယ်ကြာသွားတယ်။

ဒီလိုတွေးရင်း လူတွေကိုရင်ဆိုင်တွေ့ပြီးပြောဆိုရတာထက်၊ ကြောက်တတ်တဲ့စိတ်နဲ့ဖြတ်သန်းရမယ့် ဘဝက သူ့အတွက် ပိုဆိုးရွားခါးသီးတယ်ဆိုတာ သူသဘောပေါက်လိုက်မိတယ်။

ဒါနဲ့ မြို့ပေါ်ကို သူတက်သွားတယ်။

ပထမဆုံးတွေတဲ့လူကို ပြောမယ်လဲ လုပ်ရော သူ့ပါးစပ်က ဘာမှထွက်မလာတော့ဘူး။

ဒါပေမယ့် သူ့ဆရာက ဒီစမ်းသပ်မှုပြီးမှ သင်ပေးမှာဆိုတော့ သူ့အနေနဲ့ မဖြစ်မနေလုပ်ဆောင်ရတော့မှာကိုး။

အစမှာတော့ ပြောသာထွက်တယ် မျက်စိကိုတည့်တည့်မကြည့်ရဲဘူး။

ပြောရင်းပြောရင်းနဲ့ ကြောက်စိတ်တွေနည်းနည်းလာသလို "ကျွန်တော် ငကြောက်တစ်ယောက်ပါ"ဆိုတဲ့အသံလဲ ပိုပိုကျယ်လာတယ်။ ပြောတဲ့လူတိုင်းရဲ့ မျက်စိကိုလဲ ရဲရဲကြည်ု့ပြီး ပြောရဲလာတယ်။

သူ့ကိုယ်သူလဲ ယုံကြည်မှုပိုရှိလာတယ် လို့ ခံစားမိလာတယ်။ နောက်ဆုံးမှာတော့ တစ်လဆိုတာကို အခက်အခဲမရှိဖြတ်သန်းပြီး သူ့ဆရာကြီးဆီပြန်သွားတယ်။

သူ့ဆရာနဲ့တွေ့တော့ "မင်း ကိုယ့်ကိုယ်ကို သတ္တိရှိလာပြီလို့ ထင်ရဲ့လား" လို့မေးတော့

"ဟုတ်ကဲ့ဆရာကြီး ဆရာ့ စမ်းသပ်မှုလုပ်ဆောင်ရင်းနဲ့ကို ကြောက်စိတ်တွေပျောက်ပျောက်သွားတယ် သတ္တိရှိလာတယ်လို့လဲထင်မိပါတယ်"

"ကိုယ့်ကိုယ်ကိုလဲ ပိုယုံကြည်မှုရှိလာသလို နေရတာလဲ တနေ့ထက်တနေ့ပိုပျော်ရွှင်လာပါတယ် ဆရာကြီး" လိုဖြေကြားလိုက်တယ်။

ဆရာကြီးက

"ဒါပေါ့ တပည့်ရ ကြောက်စိတ်ဆိုတာ အကျင့်ပဲ

ကြောက်တဲ့စိတ်နဲ့ ထပ်ခါ တလဲလဲ လုပ်နေလို့ ကြောက်နေမိတာ"

"ဒါကို ဘယ်သူမှ သင်ပေးလို့မရသလို ဖျောက်ဖျက်ပေးလို့မရဘူး မိမိစိတ်ကိုမိမိသာ ပြောင်းလဲလို့ရတယ်"

" ဘေးလူက မြင်တတ်အောင်ကြည့်နိုင်ဖို့သာ နည်းလမ်းပေးလို့ရနိုင်တယ်"

"သတ္တိဆိုတာလဲ အလားတူ အကျင့်တစ်ခုပဲ"

"ဘဝမှာ ဘာပဲလုပ်လုပ် မိမိစိတ်ကို အရင်ဆုံး သဘောပေါက်သိမြင်တတ်ပါစေ ငါ့တပည့် " လို့ ပြောကြားပြီး ဖြေးညှင်းစွာ ထွက်ခွာသွားပါတော့တယ်။ 

Share: