မဟာဒုတ်အကြောင်းတော့ကြားဘူးကြမယ်ထင်တယ်။ အဟာဒုတ်က ကဿပဘုရားရှင်လက်ထက်မှာ ဆင်းရဲသားပေါ့။ မဟာဒုတ်ဘဝက ပြုခဲ့တဲ့ ကုသိုလ်ကြောင်း သေတော့ နတ်ပြည်မှာ နတ်သားဖြစ်။ ပြောချင်တာက မဟာဒုတ်အကြောင်း မဟုတ်ဘူး။ အဲ့ဒီ နတ်ပြည်ကနေ စုတေပြီး ဂေါတမဘုရားရှင်လက်ထက် မှာ လူပြန်ဖြစ်တဲ့ဘဝ အကြောင်းလေး သဘောကျလို့ ပြန်မျှဝေချင်ရုံပါ။
ဂေါတမဘုရားရှင်လက်ထက် သာဝတ္ထိပြည်ရှိ သူဋ္ဌေးသမီး ဝမ်းမှာဝင်စားတယ်။ မွေးပြီးတော့ သူနာမည်ကို "ပဏ္ဍိတ" လို့အမည်ပေးတယ်။ အဲဒီပဏ္ဍိတဟာ ၇ နှစ်အရွယ်ရောက်တဲ့အခါ သူ့မိဘတွေထံ သင်္ကန်းဝတ် ခွင့်တောင်းတယ်။ မိဘတွေကလဲ တစ်ဦးတည်းသော သား ဖြစ်နေလေတော့ သိပ်ချစ်ကြတာပေါ့။ မဝတ်စေချင်ကြဘူး။ အမေတို့နဲ့ နေရတာမပျော်လို့လား ဘာလို့ဝတ်ချင်တာလဲ အကျိုးအကြောင်းမေးကြတယ်။ ပဏ္ဍိတ ကမဟုတ်ဘူး သင်္ကန်းဝတ်ချင်တယ်၊ ကျောင်းသာပို့ပေးပါဆိုပြီးပဲပြောတယ်။ အဲ့တော့ မိဘတွေက "သားဘယ်လောက်ကြာ ဝတ်မှာလဲ" ဆိုပြီး မေးကြတယ်။ ပဏ္ဍိတ ကတော့ "သားဝတ်ချင်သလောက်ဝတ်မယ်" ဆိုပြီးပဲဖြေတယ်။ မိဘတွေက ဘယ်လိုမှ ပြောမရတော့ "ခွင့်ပြုပါ့မယ် ဒါပေမယ့် ၇ ရက်ပဲဝတ်ရမယ်နော် ၇ ရက်ပြည့်ရင်တော့ မေ့မေ့ဆီပြန်လာရမယ်နော် သား" ဆိုပြီးပြောတယ်။ ပဏ္ဍိတလေးက စဥ်းစားတာပေါ့။ နောက်တော့ မဝတ်ရတာထက်တော့ ၇ ရက်ဆိုလဲမဆိုးပါဘူးလေးဆိုပြီး "ကောင်းပါပြီအမေ ၇ ရက်နေရင်ပြန်လာပါ့မယ် " ဆိုပြီး သင်္ကန်းဝတ်တယ်။ သင်္ကန်းဝတ်တော့ ဘယ်သူစီရောက်လဲ ဆိုရင် ရှင်သာရိပုတ္တရာဆီရောက်တယ်။
ဒီလိုနဲ့ သင်္ကန်းဝတ်ပြီး ၇ ရက်ပြည့်တော့ သင်္ကန်းချွတ်ရတော့မယ်။ အဲ့တော့ ရှင်သာရိပုတ္တရာက
"ငါ့အရှင်သာမဏေ ဒီနေ့ အသင်သင်္ကန်းချွတ်ရမည်မဟုတ်လား ငါကိုယ်တိုင် အိမ်လိုက်ပို့မယ်" ဆိုပြီးထွက်လာကြတယ်။
လမ်းခုလတ်တစ်ခုရောက်တော့ ကိုရင်လေးဟာ ရေသွယ်မြောင်းကိုမြင်ပြီး ရှင်သာရိပုတ္တရာကို မေးမြန်းတော်မူတယ်။
"အရှင်ဘုရားအဲ့ဒါဘာလဲ ဘုရား"
"ရေသွယ်မြောင်းလို့ခေါ်တယ်။"
"အရှင်ဘုရား ဒီရေသွယ်မြောင်းက ဘာလုပ်တဲ့နေရာမှာ သုံးတာပါလဲ"
"မြောင်းမှရေကို လိုရာတဲ့နေရာမှာ
ထုတ်ပြီး စိုက်ပျိုးမှုတို့ကိုလုပ်တယ်"
"အရှင်ဘုရား ရေတွင် စိတ် ရှိပါသလား"
"ငါ့ရှင် ရေတွင် စိတ် မရှိပါ"
"အရှင်ဘုရား စိတ်မရှိသောရေကို မိမိအလိုရှိရာသို့
ယူဆောင်နိုင်ပါသလား"
"ယူဆောင်နိုင်ပါတယ်။"
အဲ့လိုနဲ့ ရှေ့ဆက်သွားတော့ မုဆိုးကြီးတစ်ယောက်က မြှားလေးကို မီးကင်လိုက် ဖြောင့်လိုက် လုပ်နေတာကိုတွေ့တယ်။
အဲ့တော့ ကိုရင်လေးကမေးတယ်။
"အရှင်ဘုရား ရှေ့ကဦးလေးကြီးက ဘာလုပ်နေပါလဲ"
"မြှားဖြောင့်နေတာကွဲ့"
"အရှင်ဘုရား မြှားကို ဘာလို့ဖြောင့်တာဘာလဲ ဘုရား"
"မြှားဖြောင့်တော့ လိုရာပြေးတာပေါ့"
"အရှင်ဘုရား အဲ့လိုမီးပေးပြီး မြှားကို ဖြောင့်လိုက်တော့ အဲ့ဒီမြှားက လိုရာပြေးပါသလား"
"ပြေးတာပေါ့"
"အရှင်ဘုရား အဲ့ဒီမြှားတွင် စိတ် ရှိပါသလား"
"မြှားတွင် စိတ် ဘယ်ရှိပါ့မလဲကွယ်"
ရှေ့ဆက်သွားပြီး ခဏနေတော့ လူကြီးတစ်ယောက် သစ်ရွေနေတာကို့တွေ့တယ်။ ကိုရင်လေးက မေးပြန်တယ်။
"အရှင်ဘုရား ဒီလူကြီးကဘာလုပ်နေတာလဲဘုရား"
"သစ်ရွေတယ်လို့ခေါ်တယ်"
"ဘာဖြစ်လို့ရွေတာလဲ ဘုရား"
"သစ်တုန်းက နဲနဲကောက်နေတော့ အဖြောင့်လေးလိုချင်လို့ ရွေနေတာပေါ့"
"အဲ့လို ရွေလိုက်တော့ သစ်တုန်းက ဖြောင့်သွားသလား ဘုရား"
"ဖြောင့်သွားတာပေါ့"
"အရှင်ဘုရား အဲ့ဒီသစ်တုန်းတွင် စိတ် ရှိပါသလား"
"သစ်တုန်းမှာ စိတ် ဘယ်ရှိမလဲကွယ်"
အဲ့ဒီခါမှ ကိုရင်လေး ပဏ္ဍိတ က ငိုသံလေးနဲ့ပြောတယ်။
"အရှင်ဘုရား တပည့်တော်မှာ စိတ် ရှိပါတယ်ဘုရား စိတ်ရှိပါတယ် အရှင်ဘုရားတို့ပြေနေတဲ့ မဂ်ဖိုလ်ကို သင်ပေးပါဘုရား တပည့်တော် စိတ် ရှိတယ်ဘုရား ရအောင်ကြိုးစားပါ့မယ်ဘုရား" ဆိုပြီး လျှောက်တော့ ရှင်သာရိပုတ္တရာက ကျောင်းပြန်ခေါ်သွားပြီး ကမ္မဌာန်းသင်ပေးတော့ ကရင်လေးလဲ အရဟတ္တမဂ်စိုက်သွားတယ်။
ဒီကနေဘာရလိုက်လဲဆိုတော့
စိတ် မရှိတဲ့ ရေတောင်လိုရာ ခရီးရောင်နိုင်သေးတာ စိတ် ရှိတဲ့ ငါတို့ အရဟတ္တဖိုလ်ခဏထားလို့ လိုချင်တဲ့ ပန်းတိုင်ကို ဘာလို့ မရောက်နိုင်ရမှာလဲ။ ဘာလို့ မလျှောက်နိုင်ရမှာလဲ။
စိတ် မရှိတဲ့ မြှားတောင် လိုရာပြေးနိုင်သေးတာ စိတ် ရှိတဲ့ငါတို့ ဖြစ်ချင်တာတွေကို ဘာလို့ ဖြစ်အောင် မလုပ်နိုင်ရမှာလဲ။
စိတ် မရှိတဲ့ သစ်တုန်းတောင် ဖြောင့်နိုင်သေးတာ စိတ် ရှိတဲ့ငါတို့ လုပ်ချင်တာကို ဘာလို့ ရအောင်မလုပ်နိုင်ရမှာလဲ။
ဒီတော်လှန်ရေးကြီးကရော......
ငါတို့ အားလုံး စိတ်ဆန္ဒ ပြင်းပြနေကြတာ ဘာလို့ ဘာလို့ မအောင်နိုင်ရမှာလဲ....
"စိတ်မရှိသောရေကို လိုရာအရပ်သို့ စီးဝင်စေပြီး
အလိုရှိရာ အသုံးချနိုင်လျှင် စိတ်ရှိသော မိမိ၏စိတ်ကို
မိမိအလိုသို့ လိုက်ပါစေပြီး မိမိလိုချင်သောပန်းတိုင်၊ မိမိဖြစ်ချင်သောအရာ၊ မိမိ လုပ်ချင်သောအလုပ်တွေကို အဘယ်ကြောင့် မစွမ်းနိုင်ဘဲ ရှိရမည်နည်း"
Hein For You
26.12.2021