ကိုယ့်အိပ်မက်ကိုကိုယ်တိုင်အသက်သွင်းပါ

 

တစ်ခါတုန်းက မြင်းထိန်းသမားရဲ့သားလေးဟာ ကျောင်းမှာ စာစီစာကုံး‌ရေးဖို့ ကြုံရပါတယ်။ သူ့ဘဝရဲ့ရည်ရွယ်ချက်အကြောင်းကို စာစီစာကုံး ၇မျက်နှာခန့်ရေးပြီး ဆရာမကိုပြလိုက်ပါတယ်။ ဒါပေမယ့် ဆရာမက လက်တွေ့နဲ့နီးစပ်မှုမရှိဘူးဆိုပြီး အမှတ်မပေးဘဲ ပြန်ပြင်ရေးဖို့ စာစီစာကုံးစာအုပ်ကို အိမ်ကိုပြန်ပေးလိုက်ပါတယ်။

ငွေလည်းအလုံအလောက်မရှိ၊ အိမ်တွေခြံတွေတောင်မပိုင်တဲ့လူက ဘာလို့ခြံအကျယ်ကြီးပိုင်ဆိုင်ဖို့ ဖြစ်နိုင်ပါ့မလဲ.....လို့ ဆရာမက ပြောလိုက်ပါတယ်။

သနားစရာကောင်းတဲ့ ကောင်လေးဟာ သူ့ရဲ့အဖေကို အဲဒီ့အကြောင်းပြောပြပြီး သူ့အဖေကို စာစီစာကုံးကို ဖတ်ပြလိုက်ပါတယ်။ သူ့ရဲ့ရည်မှန်းချက်ဟာ မြင်းတွေအများကြီးပိုင်တဲ့ ပိုင်ရှင်ကြီးဖြစ်လိုကြောင်း၊ ခြံအကျယ်ကြီးတစ်ခုထဲမှာ တိရိစ္ဆန်တွေ အများကြီး မွေးချင်ကြောင်း၊ အဲဒီ့ခြံကြီးပိုင်ဆိုင်ချင်ကြောင်း၊ အဲဒါဆိုရင်တော့ သူ့အဖေနဲ့သူဟာ မကြာခဏ အိမ်ပြောင်းစရာမလိုတော့ဘဲ အဲဒီ့ခြံကြီးထဲမှာပဲ မြင်းတွေမွေးရမှာဖြစ်ကြောင်းပေါ့ စိတ်ကူးယဉ်ပြီး ‌ရေးထားတာဖြစ်ပါတယ်။

စာစီစာကုံးရဲ့အကြောင်းကို နားထောင်ပြီးတဲ့အခါ အဖေလုပ်သူက သားကိုပြောလိုက်ပါတယ်။ “ဟုတ်ပြီ ငါ့သား......စာစီစာကုံးထဲမှာ ရေးထားသလိုဖြစ်ချင်တယ်ဆိုရင် နိဂုံးဟာမင်းလက်ထဲမှာသာရှိတာပဲ။ အဆုံးသတ်မှာ မင်းဟာ တကယ်ပဲ ခြံပိုင်ရှင်သူဌေးကြီးဖြစ်မလား၊ မဖြစ်ဘူးလားဆိုတာ ဘယ်သူကမှ မသိနိုင်တဲ့ မင်းစာစီစာကုံးရဲ့နိဂုံးပဲ။ ဒီစာစီစာကုံးကို မပြင်ဘဲ မင်းဆရာမဆီပြန်ယူသွားပြလိုက်ပါ။ အချိန်တန် မင်းဟာ ဘယ်လိုနိဂုံးမျိုးနဲ့အဆုံသတ်နိုင်လဲဆိုတာ မင်းလက်ထဲမှာပဲရှိတာမိုံ မင်းဟာမင်းဆုံးဖြတ်ပါ” လို့ ပြန်ပြောခဲ့ပါတယ်။

ကောင်လေးဟာလည်း သူ့ဆရာမထံကို အဲဒီ့စာစီစာကုံးကိုပြန်ယူသွာခဲ့ပြီးအဲဒီ့အတိုင်းပဲ ပေးလိုက်ပါတော့တယ်။ “ဆရာမက နောက်ဆုံးအဆင့်အနေနဲ့သတ်မှတ်လည်း ဒီစာစီစာကုံးကို ကျွန်တော်မပြင်နိုင်ပါဘူး။ ဘိတ်ချေးနေရာကိုရပါစေ၊ ကျွန်တော့်အိပ်မက်ကို ကျွန်တော်ကိုယ်တိုင်အဆုံးသတ်ပြမှာပါ” လို့ပြန်ပြောခဲ့ပါတယ်။

နောင်နှစ်ပေါင်းများစွာကြာတဲ့အချိန်မှာ မြင်းထိန်းသမားရဲ့သားလေးဟာ တကယ်ပဲ ခြံအကျယ်ကြီးကို ပိုင်ဆိုင်ပြီး တိရိစ္ဆာန်တွေများကြီးပိုင်တဲ့ခြံပိုင်ရှင်ကြီးဖြစ်အောင်ကြိုးစားခဲ့ပါသတဲ့။ သူ့ဘဝရဲ့နိဂုံး၊ သူရေးခဲ့တဲ့စာစီစာကုံးရဲ့အဆုံးသတ်ကို သူလှပစွာနိဂုံးချုပ်နိုင်ခဲ့ပါတယ်တဲ့။

ဒီပုံပြင်ထဲကလိုတော့ ဘဝက မကြာမီမျှော်ဆိုပြီး ဇာတ်သိမ်းလှလှလေးသိမ်းသွားမှာမဟုတ်ပေမယ့် ဘဝရဲ့အချို့အရာတွေမှာ ကိုယ့်ရဲ့ဖြစ်ချင်စိတ်၊ ဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်ကအရေးကြီးပါတယ်။ မလွယ်ပေမယ့်လည်း ဖြစ်အောင်လုပ်နိုင်ခဲ့သူတွေအများကြီးပါပဲ။ဘဝကို နိဂုံးချုပ်လှဖို့ ဇာတ်သိမ်းလှဖို့ဟာ ကျွန်တော်တို့ဖြစ်ချင်တာတြွေဖစ်အောင်လုပ်ဖို့ဆိုတာက ကျွန်တော်တို့လက်ထဲမှာပါပဲလို့ ဒီပုံပြင်လေးကပြောချင်တာပါပဲ။

Share: