လွန်ခဲ့သော ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့ဟာ တန်ဆောင်မုန်းလပြည့်နေ့ဖြစ်တယ်။

 

လွန်ခဲ့သော ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့ဟာ  တန်ဆောင်မုန်းလပြည့်နေ့ဖြစ်တယ်။ ကျွန်တော့အသက်ဟာလဲ နှစ်ဆယ်ပြည့်တဲ့နှစ်ပေ့ါ။ တက္ကသိုလ်ကျောင်းသားတစ်ယောက်လည်းဖြစ်တယ်။ စတုတ္ထနှစ် ဒုတိယအဖြက် စာမေးပွဲဖြေဆိုထားပြီးချိန် အောက်တိုဘာ၊ နိုဝင်ဘာ လတွေဟာ ကျောင်းပိတ်ချိန်တွေဖြစ်တယ်။ ပုံမှန်ကျောင်းပိတ်ချိန်တွေဆို အိမ်မှာပဲ မိဘလုပ်ငန်း တောင်သူလယ်အလုပ်တွေသာဝိုင်းကူလုပ်နေကြပါ။ ၂၀၁၇ ခုနှစ် ကျောင်းပိတ်ချိန်ဖြစ်တဲ့ အောက်တိုဘာ၊ နိုဝင်ဘာလမှတော့ ကျွန်တော်မန္တလေးဆင်းခဲ့တယ်။ ဆင်းတယ်ဆိုတာက ကျွန်တော်ဇာတိက အထက်အညာဒေသဆိုတော့ မန္တလေးဟာ ကျွန်တော့်ဇာတိရဲ့ အောက်ပိုင်းဖြစ်လို့ ဆင်းတယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်။

မန္တလေးမှာကျွန်တော့် အမေရဲ့ အမအကြီးဆုံးဖြစ်တဲ့ ဒေါ်ကြီးတို့မိသားစုရှိပါတယ်။ သူတို့က မန္တလေးမှာ ကား၊ ဆိုင်ကယ် ရေးဆေး ဆီလိုက်လုပ်ကြပါတယ်။ ကျွန်တော်ကလဲ အဲ့ဒီရေဆေးဆီလိုက်လုပ်ငန်းမှာ လုပ်ဖို့ မန္တလေးဆင်းလာခဲ့တာပါ။ ဘာကြောင့်လုပ်ဖြစ်လဲဆိုတော့ ကျွန်တော်မှာ ကိုင်စရာ ဖုန်းမရှိလို့ ဖုန်းရချင်လို့ သွားလုပ်ခြင်းဖြစ်ပါတယ်။ အဲ့အချိန်မှာ ကျွန်တော့်အကိုလိုသူငယ်ချင်းလိုခင်ရတဲ့ အကိုသူငယ်ချင်းက ဖုန်းအဟောင်းလေးငှားထားပေးပါတယ်။ Facebook သုံးချင်ရင် Facebook Lite နဲ့ပဲသုံးရပါတယ်။ ဒါတောင်ဖုန်းကလေးပါတယ်။ သီချင်းနားတောင်ချင်ရင် အသံကတိုးတိုးလေးထွက်ပါတယ်။ ဒါပေမယ့် ဖုန်းကောင်းကောင်းပြောလို့ရတယ်။ SMS ပို့လို့ရတယ်။ ဒါဟာတော်တော်အဆင်ပြေပါတယ်။ မိဘတွေနဲ့အဆက်သွယ်မပျက်ရဘူးပေ့ါ။ 

ဖုန်းရချင်တယ်ဆိုတာကလဲ အရင်ဖုန်းပျက်သွားလို့ပါ။ အဲ့ဖုန်းကို ဒုတိယနှစ်ကျောင်းသာဘဝမှာပဲရခဲ့တာပါ။ ကာလတွေကြာတော့သူလဲ ပစ္စည်းသင်္ခါရသဘောနဲ့ပျက်သွားတယ်။ ကြားထဲမှာ Ooredoo Touch ဖုန်း၊ Telenor Keypad ဖုန်းတွေကို ကိုယ့်မုန်းဖိုးနဲ့စုပြီးကိုင်ခဲ့သေးတယ်။ သူတို့တွေလဲပျက်တော့ ကိုင်စရမရှိဖြစ်လာတယ်။ အဲ့ဒါနဲ့ မိဘတွေဆီပြောတော့ သူတို့လဲ မပြေလည်သေးတဲ့အတွက်မဝယ်ပေးနိုင်သေးဘူးလို့ပြောတယ်။ အဲ့ဒါနဲ့ မဝယ်ပေးနိုင်ရင် သားအလုပ်သွားလုပ်ပြီး ဝယ်မယ်လို့ပြောလိုက်တယ်။ ခွင့်ပြုချင်မပြုချင်နဲ့ပဲ ခွင့်ပြုခဲ့တယ်။ 

ဒါနဲ့ ပဲကျွန်တော်မန္တလေးရောက်ခဲ့တယ်။ မန္တလေးကမစိမ်းလှပါဘူးရောက်ဖူးတယ်လေ။ အဲ့တုန်းက မုံရွာမှာက ဟောပြောပွဲတွေ စာအုပ်တွေကရှားသေးတယ်။ အဲ့တော့မန္တလေးကို သူငယ်ချင်းတွေစုစုပြီးသွားဖူးတော့ မစိမ်းလှဘူးပေ့ါ။

ဆိုင်ရောက်တော့ နေရာချပေး၊ ရွာကပေးလိုက်တာတွေ ဒေါ်ကြီးဆီသွားပို့ သာကြောင်းမာကြောင်းပြောပေါ့။ ဒေါ်ကြီးအိမ်သွားတယ်ဆိုတာက အဲ့တုန်းက အိမ်နဲ့ အလုပ်နဲ့ကအတူတူမဟုတ်ဘူး။ ခုတော့ တူတူဖြစ်နေကြပြီ။ 

ရောက်နေ့တစ်ရက်နားပြီး နောက်နေ့ အလုပ်စဆင်းရတယ်။ ဒေါ်ကြီးရဲ့ သားသုံးရောက်ထဲက သားအကြီးဆုံးဖြစ်သူက ဦးစီးပြီး ရေးဆေးဆီလိုက်လုပ်တယ်။ သူ့အောက်မှာကျွန်တော်လုပ်ရတယ်။ သူရယ် ကျွန်တော်ရယ် နောက်ထပ်လေးယောက်ရယ် ခြောက်ရောက်လုပ်ရတယ်။ ကျွန်တော်အတွက် ပိုက်ဆံရတဲ့အလုပ်က အဲ့မှလုပ်ဖူးတာမဟုတ်ပေမယ့် ဝန်ထမ်းအနေနဲ့ ကတော့ အဲ့တော့မှစလုပ်ဖူးတာ။ 

မနက်ဆို ခြောက်နာရီခွဲ ထရတယ်။ ထပြီးအပေါက်ဖွင့်၊ ဆိုင်ဖွင့်။ ဆိုင်ရှေ့ အမှိုက်လဲ ပေါ့။ အရင်နေ့က ဆိုင်သိမ်းတာ မိုးချုပ်လို့ ဆိုင်ကယ်၊ ကားတွေက ကျန်တဲ့ သဲတွေဖုန်တွေ မရှင်းခဲ့ရရင် ရေပိုက်နဲ့ မြောင်းထဲထိုးချရတယ်။ ဆိုင်ကယ် ကားလာရင် ဆေးပေးရတယ်။ ကျွန်တော်ကမလုပ်တက်သေးတော့ ရေပိုက်မကိုင်ရဘူး။ ဆိုင်ကယ် ကို ရေ၊ ဆပ်ပြာနဲ့ ဆေးပြီးရင် ခြောက်အောင် သုပ်ရတယ်၊ Kit တိုက်ရတယ်၊ ဘီးဆီသုပ်ရတယ်။ ဆိုင်ကယ်မှာရှိတဲ့ အင်ဂျင်တွေကို ဆီဖျန်းရတယ်။ ကျွန်တော်က အဲ့ဒါကိုမလုပ်ရဘူး။ မလုပ်တတ်သေးဘူးလေ။

စလုက်စဆိုတော့ စိတ်ပင်ပန်းတယ်။ ကိုယ်သုပ်ပေးတာ မပြောင်မှာအရမ်းစိုးရိမ်တယ်။ ရေမပြောင်တာ သဲမကပြောင်တာ တွေပြောခံရတယ်။ ဦးစီးလုပ်တဲ့သူက အကိုဝမ်းကွဲဆိုပေမယ့် အလုပ်ထဲမှာ အလုပ်ရှင်နဲ့ အလုပ်သမားပဲဆိုတော့ သူစိတ်တိုင်းမကျမှာလဲ စိုးရိမ်တယ်။ ဆိုင်ကယ်သုပ်ပြီးလို့ ပိုင်ရှင်တွေကို ဆိုင်ကယ်ပေးတဲ့ အခါ အတတ်နိုင်ဆုံးအဆင်ပြေအောင်ပြောရတယ်။ ဆိုင်ကယ်တွေကား တွေများလို့ကြာရင်ပိုးဆိုးတယ်။ ဆိုင်ကယ်တွေကလဲစီလို့၊ ပိုင်ရှင်တွေကလဲ မျက်နှာထားတင်းတင်းတွေနဲ့ ထိုင်ချီထချီ  စောင့်နေကြတယ်။ အဲ့လိုချိန်ဆို လူကိုပြာလို့။ အထူးသဖြင့် စနေ လပြည့်တိုက်တဲ့နေ့တွေပေါ့။ တကယ်ဆိုင်ကယ် ကားတွေ များတဲ့နေ့ဆို မိုးလင်းကစပြီး ညနေသုံးနာရီလောက်ထိ ထမင်းမဆိုထားဘိ ဘာမှမစားရဘူး။ ရေထဲနေတာကြာတော့ ခြေဖဝါးတွေလဲ ခြေဖဝဲစားတယ်။ ရေနဲ့ထိရင်စပ်တယ်။ ဆိုင်ကယ်ကားက သဲပါလို့ သဲဝင်ရင်မတရားနာတယ်။ အဲ့ဒါတွေကို သက်သာအောင် ညကြရင် သံပုရာသီးနဲ့ ပွတ်ရတယ်။ မျက်ရည်ပါဝိုင်းတယ်။ 

ဆိုင်ကယ်တွေ ကားတွေကများ ခြေဖဝဲစားတာကနာ၊ သုံးနာရီလောက်ထိကဘာမှမစားရသေးဆိုရင် ငိုချင်စိတ်တအားပေါက်တယ်။ အိမ်တအားပြန်ပြေးချင်တယ်။ ဆက်မလုပ်ချင်တော့ဘူး။ တကယ် ထိမ်းမရအောင်ငိုချင်လာပြီဆိုရင် ရေပိုက်ကိုင် ကားအောက်ပိုင်းသွားပြီးရေထိုးတယ်။ ကားအောက်ပိုင်းရေထိုးရင် မြောင်းထဲဆင်းထိုးရတာဆိုတော့ ဘယ်သူမှကို့မမြင်ရသလို ရေကလဲတကိုယ်လုံးရွှဲနေတာဆိုတော့ ငိုလို့ငိုမှန်းမသိတော့ဘူးလေ။ 

တစ်ရက်ကဆို ဆိုင်ကယ်သုပ်ဖို့ ရှေ့ကရေဆေးတဲ့ ဆီကနေ ရေသုပ်တဲ့ ဆီထိတွန်းလာပြီး ခွထောက်ထောက်တာ ဖိနပ်ကပါးနေတာ့ချောပြီးလဲတာ။ ဆိုင်ကယ်က FZ ဆိုတော့ ခွထောက်ထောက်ထားပြီးကျွန်တော်ရပ်နေရင် ပုခုန်းနဲ့ခေါင်းပဲမြင်ရတယ်။  အဲတုန်းကလူကောင်ကသေးသေးလေးကို။ အဲ့ဒါဆိုင်ကယ် လဲပြီးဖိမိတာ ဘယ်ဖက် လက်ခြေထောက် ပွန်းသွားတယ်။ ပြီးတော့တရက်နားလိုက်ရတယ်။

တစ်လလောက် လုပ်ပြီးတော့ လုပ်ငန်းနဲ့လဲရင်းနှီးကျွမ်းဝင်လာပြီ။ ရေပိုက်ကိုင်တတ်လာပြီ။ လာနေကြ ဖောက်သည်တွေမှတ်မိနေပြီ။ အဆင်ပြေပြေဆက်ဆံတတ်နေပြီပေါ့။ ဆိုင်ကယ်တွေကားတွေ များနေရင် အမြန်ပြီးအောင် စောင့်ရလို့စိတ်မခုအောင် လုပ်နေနိုင်ပြီ။ ညညဆို အကိုတွေနဲ့ လက်ဖက်ရည့်ဆိုင်ထိုင် စကားတွေပြောကြနဲ့ အလုပ်မှာ နေသာ ထိုင်သာ ရှိလာတယ်။ အကိုကပါ ကျွန်တော်ကိုစိတ်ချလက်ချနဲ့ ထားခဲ့ပြီး ခရီးတွေသွားနေနိုင်ပြီ။ ငွေကစ ရာတန် ထောင်တန် ခြင်္သေ့ဖင်ပြန် ခေါင်းပြန် မဖြစ်အောင်စီပြီးမှ ညကိုပိုက်ဆံအပ်တယ်။ အဲ့တုန်းကတော့ ဂျာလင်းဘယ်နစီး ဘယ်လိုကား ဘယ်နစီးကစပြောပြီးအပ်နိုင်ပါတယ်။ အဲ့လိုနဲ့ပဲ ကျွန်တော်ရဲ့ ကျောင်းပိတ်ရက် နှစ်လ ကုန်ဆုံးခဲ့တယ်။

အဲ့တုန်းက ကျွန်တော့ လစာ က တစ်လကို ၇ သောင်းရပါတယ်။ နှစ်လကို ၁သိန်း၄သောင်းရတယ်။ ဒါပေမယ့် ဆိုင်ကယ်လဲတုန်းက ဆေးဝယ်တာနဲ့ နှစ်လစာ အသုံးစရိတ်နဲ့ဆိုတော့ ၁သိန်း၂သောင်းကျန်ပါတယ်။ ဒါပေမယ့် ပိုင်ရှင်ဖြစ်တဲ့ ဦးကြီးကပြန်တော့ မုန့်ဖိုး တစ်သောင်းပေးပါတယ်။ ပြီးမှပြန်သိရတာက ဦးကြီးက သူ့ဝန်ထမ်းတွေကိုမုန့်ဖိုးပေး တာအဲ့ဒါပထမဆုံးပဲဆိုတာပါပဲ။ အဲ့တုန်းကငွေတစ်သောင်းထက် ကိုယ့်ရဲ့ ကြိုးစားလုပ်ခဲ့တာကို အသိမှတ်ပြုခံရခြင်းက ကိုယ့်အတွက်အတိုင်းမသိပျော်ရွှင်ခြင်းပါပဲ။

ကျွန်တော်ပြန်တော့ ရွာကိုတန်းမပြန်ဘဲ မုံရွာကိုသွားခဲ့တယ်။ မုံရွာရောက်တာနဲ့ ဟောင်ကောင် မိုဘိုင်း ကနေ Redmi Note 5A ဝယ်ခဲ့တယ်။ ၁သိန်း ၁သောင်း ၅ထောင် ပေးရတယ်။ခုချိန်ထိ အဲ့ဖုန်းဟာ အကောင်းတိုင်းရှိနေပါသေးတယ်။ ဖုန်းဝယ်ပြီး အဆောင်မှာ တစ်ညနား၊ နောက်နေ့မနက် နောက်ဆုံးနှစ်အတွက် ကျောင်းအပ်ပြီး  နေ့လည်နှစ်နာရီကားနဲ့ ရွာပြန်ခဲ့တယ်။

ကျောင်းနေရင်း အလုပ်လုပ်ရတာဟာ အခက်အခဲတွေအများကြီးရှိနေပေမယ့် သိပ်အရသာရှိပါတယ်။ ကိုယ်ရှာထားတဲ့ ငွေကိုကိုင်ပြီး ဖုန်းဆိုင်ထဲဝင်ရတဲ့ Confidence ဟာ လူကိုကြွနေတာပဲ။ နောက်နှစ်လဲ အဲ့အလုပ်မဟုတ်တောင် တခြားအလုပ် လုပ်မယ်လို့ စိတ်ကူးထားပေမယ့် နောက်ဆုံနှစ်ဟာ Internship နဲ့ရှုပ်နေခဲ့ရတယ်။ 

အလုပ်နှစ်လလုပ်ခဲ့တဲ့ ရင့်ကျက်မှု၊ စိတ်ကိုထိန်းချုပ်နိုင်စွမ်း၊ လူတွေနဲ့ အဆင်ပြေပြေဆက်ဆံနိုင်ခြင်းတွေရခဲ့တယ်။ 

အဲ့အတွေ့အကြုံတွေဟာ ဖုန်းတစ်လုံတန်ဖိုးထက်များပါတယ်။ 

အဲ့အတွေအကြုံတွေက Internship ဆင်းတော့လဲ များစွာအထောက်ကူပြုခဲ့သလို တကယ့်လုပ်ငန်းခွင်ဝင်တဲ့အခါမှာလဲ တကယ့်တကယ့်ကို အသုံးဝင်ခဲ့တယ်။

ကျွန်တော်နားလည်သွားခဲ့တယ် အတွေ့အကြုံဆိုတာ ကိုယ်တိုင်လုပ်ယူမှရတယ်။ သင်တန်းတတ်လို့လဲမရသလို ဝယ်လို့လဲမရဘူး။ လုပ်ငန်းခွင်အတွေ့အကြုံဆိုတာ ဘယ်လုပ်ငန်းခွင်အတွေ့အကြုံမဆို အသုံးဝင်ပါတယ်။

ဟိန်းမင်းထက်

Nov 3, 2021


















Share: