သူငယ်ချင်းတစ်ယောက်ကမေးတယ်။
တစ်ချိန်ကျရင် ဖေ့စ်ဘုတ်မသုံးတော့ဘူး၊ ဖုန်းကတ်ပြောင်းမယ်၊ လူတွေနဲ့ခပ်ဝေးဝေးနေရာလေးမှာပဲ နေတော့မယ်လို့
မင်းရေးထားတာတွေ့တယ်။
ဘာဖြစ်လို့လဲတဲ့။
ပုံပြင်ထဲကနွားလိုဖြစ်မှာကြောက်လို့ပါ ဆိုတော့
ဘာပုံပြင်လဲပြောပြပါဦးတဲ့။
ငါလည်း YouTube မှာကြည့်လိုက်ရတာပါ။
နွားတစ်ကောင်က သခင်ခိုင်းတာတွေလုပ်ပြီး
အလုပ်သိမ်းချိန်မှာ ပင်ပန်းလို့နားနေတယ်တဲ့။
ခွေးတစ်ကောင်ကလာပြီး နှုတ်ဆက်တယ်။
"ကိုနွား နေမကောင်းဘူးလား" ပေါ့။
နွားက
"ပင်ပန်းလို့ပါကွာ။
မနက်ဖြန်တစ်ရက်လောက်
နားရရင်ကောင်းမှာပဲကွာ"လို့ ပြောလိုက်တယ်။
ညည်းလိုက်တယ်ဆ်ိုပါတော့။
အဲ့ဒါကို ခွေးကကြောင်နဲ့တွေ့လို့ ပြောတဲ့အခါကျတော့
"နွားကပြောတယ်။
ပင်ပန်းလို့မနက်ဖြန်တစ်ရက်လောက်
နားချင်တယ်တဲ့။ သခင်ကလည်း အရမ်းခိုင်းလွန်းတယ် ထင်ပါတယ်ကွာ"တဲ့။
သခင်ကအရမ်းခိုင်းလွန်းတယ်ထင်တယ်
ဆိုတဲ့သူ့ရဲ့ comment ပါပါသွားပြီ။
ဒါကိုကြောင်ကဆိတ်ကို ပြန်ပြောတဲ့အခါကျတော့
"နွားကိုသခင်ကအရမ်းခိုင်းလွန်းတော့
ပင်ပန်းလွန်းလို့မနက်ဖြန်ကစပြီး
အလုပ်မလုပ်ချင်တော့ဘူးလို့ပြောတယ်"
ဆိုပြီးစကားကပြောင်းသွားတယ်။
တစ်ခါဆိတ်ကကြက်ကို ပြောတဲ့အခါကျတော့
"နွားကမနက်ဖြန်သခင်အတွက်
အလုပ်မလုပ်ပေးချင်တော့ဘူး။
ခိုင်းလွန်းလို့သခင့်ကိုမကျေမနပ်
ဖြစ်နေတယ်"လို့ဖြစ်သွားပြန်ရောတဲ့။
ကြက်ကဝက်ကို တဆင့်ထပ်ပြောတဲ့အခါကျတော့
"နွားကမနက်ဖြန်ကစပြီး
သခင်ခိုင်းတာတွေမလုပ်တော့ဘူး။
သခင့်ကိုမကျေနပ်ဘူး။ သခင်အသစ်ရှာချင်နေတယ်လို့
ကြားတယ်"ဆိုပြီး စကားက ကားသွားပြီ။
သခင်ရဲ့မိန်းမက ဝက်စာလာကျွေးတဲ့အချိန်မှာ
ဝက်ကပြောတယ်တဲ့။
"သခင်မ။နွားကအချိုးတွေပြောင်းနေပြီ။
သခင်မတို့ကိုမကျေနပ်ဘူး။ သခင်မတို့အလုပ်တွေကို
မနက်ဖြန်ကစပြီးလုပ်မပေးတော့ဘူးလို့
ပြောနေတယ်နော်" ပေါ့။
မိန်းမကလည်းသူ့ယောက်ျားကို ပြန်ပြောတာပေါ့။
"ရှင့်နွားကရှင့်ကိုသစ္စာဖောက်သွားပြီနော်၊
မနက်ဖြန်ကစပြီးရှင်ခိုင်းတာတွေ လုပ်မပေးတော့ဘူးလို့
ပြောနေတယ်"တဲ့။
အဲ့ဒီအခါယောက်ျားက
"သစ္စာဖောက်တော့လည်း
အသားပေါ်ရောင်းလိုက်ရုံပေါ့ကွာ"တဲ့။
အဲ့ဒါနဲ့ပဲနောက်နေ့မှာ နွားဟာအသတ်ခံလိုက်ရရောတဲ့။
တကယ်တော့နွားပြောတာက
"ပင်ပန်းလို့ မနက်ဖြန်တစ်ရက်လောက် နားရရင်ကောင်းမယ်။" ဒါလေးပဲ။သူ့ရဲ့ဆန္ဒကိုသူပြောရုံလေးပဲ။
သခင်ကိုထိခိုက်ပြောတာလည်းမပါဘူး။
ဒါပေမယ့်စကားတွေကချဲ့ကားရင်းနဲ့
နောက်ဆုံးမှာဒီစကားလေးအတွက်
သူအသတ်ခံလိုက်ရတယ်တဲ့။
ဆက်စပ်ပြီးပြန်တွေးကြည့်တော့
ဟုတ်နေတာပဲ။
ငါတို့လည်းတစ်ခါမကကြုံခဲ့ဘူးတာပဲ။
နွားလိုအသက်သေအောင် အသတ်မခံရပေမယ့်
ကိုယ်တကယ်မပြောခဲ့တဲ့ စကားတွေအတွက်၊
ကိုယ်တကယ်မလုပ်ခဲ့တဲ့ အပြုအမူတွေအတွက်
ဘဝသေအောင်၊နာမည်သေအောင်ထိ
အသတ်ခံခဲ့ရဘူးတာပဲ။
ငါ့ဆီကထွက်သွားတုန်းကတော့
တစ်လီတာဘူးနဲ့ တစ်ဘူးစာလေးပဲ။
အဆင့်ဆင့်နဲ့ မင်းဆီရောက်တဲ့အခါကျတော့
နှစ်ဆယ်လီတာတစ်ဘူးစာ ဖြစ်နေလိမ့်မယ်။
အဲ့ဒီထဲမှာငါပေးလိုက်တဲ့ နွားနို့က တစ်လီတာပဲ။
ကျန်တဲ့ဆယ့်ကိုးလီတာက ကြားကအဆင့်ဆင့်ရောလိုက်တဲ့
ရေတွေ။
လူတွေက အရမ်း ရေရောကြတယ်။
ရည်ရွယ်ချက်နဲ့ဖြစ်စေ၊ ဘာမှမရည်ရွယ်ပေမယ့်
အကျိုးဆက်ကိုမတွေးပဲပေါ့ပေါ့လေးဖြစ်စေ၊
ရောလိုက်ကြတာပဲ။
တစ်ယောက်တည်းမနေနဲ့၊
တစ်ယောက်တည်းမကြံနဲ့၊
တစ်ယောက်တည်းမခံစားနဲ့
တိုင်ပင်ပါ၊အကြံဥာဏ်တောင်းပါ၊
ရင်ဖွင့်ပါလို့တော့ ပြောကြတာပဲ။
ပြောမိ ပြန်တော့လည်း ရေရောခံရရင်၊
ကိုယ့်စကားကို ပုံဖျက်ခံလိုက်ရရင်
ကိုယ်ပဲ ခံရပြန်ရော။
အခုလို
လူမှုကွန်ရက်ယဉ်ကျေးမှုထွန်းကားတဲ့ခေတ်မှာ
ပိုသိသာတယ်။
ဖေ့စ်ဘုတ်မှာ မင်းပြောချင်တာတစ်ခုခုကိုရေးပြီး
တင်ကြည့်လိုက်ပါလား။
မင်းပေးချင်တဲ့မက်ဆေ့ခ်ျကို လူတိုင်းသိချင်မှသိတာ။
မင်းမျှော်လင့်မထားတဲ့ရှုဒေါင့်က အမြင်တွေနဲ့ပေးတဲ့ comments တွေ မင်းတွေ့လိမ့်မယ်။
အဲ့ဒီတော့ကွာ
ကိုယ်လည်းစိတ်ချလက်ချမပြောရဲ၊
ကိုယ်ကြားသမျှကိုလည်းမယုံရမှတော့
နားရောပါးစပ်ရောပိတ်ထားတာ ကောင်းပါတယ်။
လောကမှာသိစရာတွေကတော့ အများကြီးပဲ။
လိုက်လို့ကိုမကုန်နိုင်ဘူး။
ဒါပေမယ့်
အကုန်သိစရာမှမလိုတာ။
မသိမဖြစ်သိသင့်တာလောက်ပဲ သိရင်တော်ပြီပေါ့။
မှတ်ချက်* ခုတောင်စာဖတ်နေရင်းသူဘယ်လိုဖြစ်နေတာထင်တယ်ဆိုပြီးကိုယ်ကိုယ်တိုင်ထင်မှတ်မထားတဲ့...ထင်ရာလေးတွေတွေးပြီးလောက်ကြရောပေါ့ဗျ