ချစ်တဲ့သူကို သတိရတဲ့အခါ.....
“အချစ်”ရယ်လို့ ဆိုကြရင် “မနက်လင်းရင် ဖုန်းဆက်ရမယ်။ စာပို့ရ မယ်။ ဂရုစိုက်ရမယ်။ လာတွေ့ရမယ်။ လက်ဆောင်ပို့ရမယ်။ နေ့စွဲတွေကို သတိရရမယ်။ ရစ်ရင် သည်းခံရမယ်။ ကုတ်ခြစ်ရင် ငုံ့ခံရမယ်။ အိပ်ပျော်ချိန် အထိ ဖုန်းပြောရမယ်။ အနာဂတ်ကို အကောင်းဆုံး ဖန်တီးပေးရမယ်” စတဲ့ ငါ့အတွက်ဆိုတဲ့ အလိုလောဘတွေနဲ့ပဲ တည်ဆောက်မိတဲ့အခါ ပျော်ရွှင်ခြင်းထက် ပူလောင်မှုကို ခံစားရပါတယ်။
ဒီတော့ ချစ်ခြင်းမှာ မေတ္တာတရားကို ပေါင်းထည့်လိုက်တဲ့အခါ သတိရတိုင်း မေတ္တာပို့၊ လွမ်းတိုင်း မေတ္တာပို့၊ သူ့နာမည်လေး ရွတ်မိတိုင်း မေတ္တာပို့ပေးလိုက်ပါ။
မေတ္တာတရားဆိုတာ အပြန်အလှန် အကျိုးပြုတဲ့ သတ္တိရှိတာကြောင့် မေတ္တာပို့သူကိုယ်တိုင် အေးချမ်းခြင်းကို ခံစားရပြီး မေတ္တာရရှိသူလည်း အေးချမ်းရပါတယ်။
မေတ္တာတရား ပြည့်ဝနေသူရဲ့ ရုပ်သွင်ဟာ အေးချမ်းတယ်။ အေးချမ်းတော့ မျက်နှာထား ကြည်လင်တယ်။ မြင်ရတာ အေးချမ်းပြီး အသံကြားရတာ အေးချမ်းစေတယ်၊ ငြိမ်းချမ်းစေတယ်လေ။
မေတ္တာစိတ် အမြဲထားတဲ့သူရဲ့ အသားအရေဟာ ကြည်နေတယ်။ အသားအရေ ကြည်တော့ အလှတိုးတယ်။ မေတ္တာတရား အချိန်ပြည့် ရှိနေတော့ ဒေါသ မထွက်ဘူး။ ဒေါသ မရှိတော့ စိတ်ကြည်ပြီး အလုပ် အကိုင်တွေ ဆောင်ရွက်ရာမှာ အမှားမရှိဘဲ ဆုံးဖြတ်လုပ်ကိုင်လာနိုင်တယ်။
ဒါဆို အောင်မြင်မှု ပိုရမယ်။ အောင်မြင်တဲ့ မိန်းမတစ်ယောက်၊ ယောက်ျားတစ်ယောက်ကို ဘယ်ချစ်သူကမှ စွန့်ခွာ မသွားတော့ဘူးဒီတော့ ပျော်ရွှင်မှုတွေ ပိုင်ဆိုင်ရပါရော။
ဒါ့ကြောင့် ချစ်တဲ့သူကို သတိရတဲ့အခါ “မေတ္တာပို့ပါ” နော်။
ခင်နှင်းကြည်သာ